Warmly Welcome From My TLMS!

ပိတ်ဆို့မှုတွေကို ဖွင့်ဖို့ သော့တစ်ချောင်း

နည်းပညာက တံတိုင်းတွေကို ချိုးဖျက်ပစ် လိုက်နိုင်ပါတယ်။ ဒီဆိုက်ကို ကိုယ်တိုင် သွားကြည့်လိုက်ပါ။ အလွန်အသုံး၀င်ပြီး ကျေးဇူးတင်စရာ ကောင်းပါတယ်။ ဒီဆိုက်မှာ မြန်မာဘာသာ အပါအဝင် အင်္ဂလိပ်၊ ဗီယက်နမ်၊ တရုတ်၊ ရုရှ ၊ပြင်သစ် စတဲ့ ဘာသာတွေနဲ့လဲ ရေးသား ဖော်ပြပေးထားပါတယ်။ ကြည့်လိုက်မှ တကယ် အသုံးဝင်တဲ့ ဆိုက်ဆိုတာ သဘောပေါက်သွား ပါလိမ့်မယ်။ အကျယ်ပြောမနေတော့ဘူးနော် ကိုယ့်ဘာသာကိုယ် သွားလည်ကြည့်ပေတော့။ :)

Let's give free mask for public health

တနေ့က ကိုကြီးကျော် အစီအစဉ်နဲ့ မဘာညာ၊ ကျွန်တော်တို့ သုံးယောက် သား မျက်နှာဖုံးတွေ အခမဲ့ လိုက်ဝေပေးခဲ့ပါတယ်။ မြို့ထဲပိုင်းနှင့် သုဝဏ အားကစားကွင်းဘက် ခြမ်းကိုပါ ဝေငှပေးနိုင်ခဲ့ပါတယ်။ ဗိုင်းရပ်စ် အန္တရာယ်ကို သေချာ မသိတဲ့ သူတွေအတွက် ကျွန်တော်တို့ ပညာပေးဖို့ လိုအပ်နေပါတယ်။ တချို့က မျက်နှာဖုံး စွပ်တာ ဖက်ရှင် သက်သက် လို့ ထင်တဲ့ အတွက် တပ်ရမှာ ရှက်နေပုံပါပဲ။ ဒါပေမယ့် မြို့ထဲပိုင်းမှာတော့ တော်တော်များများ တပ်ကြတာ တွေ့ရပါတယ်။ မျက်နှာဖုံးစွပ်တွေက အခုဆို ဈေးကွက်မှာ အတော်လေး ဝယ်လိုအား လိုက်နေပြီး ဈေးတွေ တက်နေပါတယ်။ ဒါက ပြည်သူလူထု ကျန်းမာရေးအတွက် မို့လို့ မတက်သင့်ဘူးလို့ ထင်ပါတယ်။ ကျွန်တော်တို့ကတော့ ကျွန်တော်တို့ တတ်နိုင် သလောက်လေးနဲ့ လူထုတွေကို အခမဲ့ ဝေငှပေးနိုင်ခဲ့လို့ ပီတိ ဖြစ်ရပါတယ်။ မျက်နှာဖုံးစွပ် ဟာ တကယ်တော့ ဗိုင်းရပ်စ် ရန်ကို အပြည့်အဝ မကာကွယ်ပေးနိုင်သော်လည်း အထိုက် အလျောက် ကာကွယ် မှု အဖြစ် အသုံးဝင်ပါတယ်။ ဒါပေမယ့် ဈေးကွက်မှာ မျက်နှာဖုံးစွပ်တွေ မတန် မဆ ဈေးတက်နေလေတော့ အခြေခံလူတန်းစားတွေ အတွက် ကျွန်တော်တို့ မှန်ကန်တဲ့ အသိပညာပေးပြီး ကျန်းမာရေး အတွက် ဘယ်လို ကာကွယ် သင့်တယ်ဆိုတာ တတ်နိုင်သလောက် ပညာပေးလိုက်ကြရအောင်ဗျာ။

ကိုကြီးကျော် နှင့် မဘာညာတို့ ဝေငှနေကြစဉ်

ဒီလို ဗော်လန်တီယာတွေလဲ လိုအပ်ပါတယ်


ကြိတ်ကြိတ်တိုးပါပဲ (ကျွန်တော်တို့ဆီမှာ တန်းစီတဲ့ အလေ့အထလေး လိုအပ် နေကြောင်း ကောင်းကောင်းသိသွားခဲ့တယ်)

ကျောင်းတွေမှာလဲ တပ်ကြပါတယ်။

ကဲ ကျွန်တော်တို့ လူထုကျန်းမာရေး အတွက် တတ်နိုင်သလောက် မျက်နှာဖုံး စွပ်လေးတွေ အခမဲ့ ဝေငှကြရအောင် ဗျာ…

Yangon United (2-0) Delta United

မနေ့က ဘောလုံးပွဲသွားကြည့်တယ်ဗျ။ ဒါပေမယ့် မိုးထဲရေထဲ ရွှဲနေတာပါပဲ။ မနေ့က ရန်ကုန်ပွဲကလဲ ပျင်းစရာကြီးပါ တဖက်အသင်း ဒယ်လ်တာက အဆုံးသတ်ညံ့၊ အသင်းလိုက် ကစားပုံ မကောင်းတော့ တဖက်သတ်ကြီး ဖြစ်နေတယ်။ ကင်မရာထဲ ဓာတ်ခဲထည့်ဖို့မေ့နေတာနဲ့ လက်ကျန်အားလေးနဲ့ ရိုက်တာ ပုံတွေ သိပ်မရိုက်ဖြစ်ဘူး။ မိုးတွေရွာနေတာလဲ ပါတာပေါ့ ပုံတွေကို အရင်လို တင်ပေးဖို့ အချိန်မရတာနဲ့ ပလေယာလေးနဲ့ပဲ တင်ပေးလိုက်မယ်နော်

ဦးကောဝိဒ(စစ်ကိုင်း)၏ မွေးနေ့ပွဲကျင်းပမည်

ဦးဇင်း ဦးကောဝိဒ(စစ်ကိုင်း) ရဲ့မွေးနေ့ပွဲကို ၉.၇.၂၀၀၉ နေ့မှာ စစ်ကိုင်းမြို့၊စစ်ကိုင်းတောင်ရိုး လပြည့်ဝန်းလမ်း သာသန ဝေပုလ္လကျောင်းတိုက်မှာ ကျင်းပပါမယ်။ ဦးပဇင်းရဲ့ မွေးနေ့ကျရင် နည်းပညာရှင်များ၊ စာရေးဆရာများလာပြီး ဟောပြောပွဲ ပြုလုပ်ပေးမှာ ဖြစ်ကြောင်းလဲ သိရှိရပါတယ်။ ပညာရှင်တွေက ဦးရဲမြတ်သူ၊ ဦးရဲဝင်းနောင်၊ ကိုပီကေ၊ ကိုမောင်လှ၊ ကိုညီလင်းဆက်၊ ဦးလှကောင်း၊ မောင့်စေတနာ တို့ဖြစ်ပြီး စာပေပညာရှင်တွေက ဦးဘုန်း (ဓာတု) ညီပုလေး၊ ညီစေမင်း၊ ဇော်ထက်အောင် စတဲ့ စာရေးဆရာများတို့ဖြစ်ပါတယ်။ ဦးကောဝိဒရဲ့ မွေးနေ့မှာ ကျင်းပမယ့်အစီအစဉ်လေးများကို ဘလော့ဂါများသိချင်မယ်လို့ မျှော်လင့်လို့ အနည်းအကျဉ်း ဖော်ပြပေးလိုက်ပါတယ်။

၁။ မနက်အာရုံတက်ချိန်မှ (၈း၀၀) နာရီအထိ ဆွမ်းခံကြွသံဃာများကို ဆွမ်းကပ်မည်။
၂။ (၈း၀၀) မှ (၁၀း၀၀) အတွင်း လူပုဂ္ဂိုလ်များကို ကျွေးမွေးဧည့်ခံမည်။
၃။ (၉း၃၀) တွင် အလှူရှင်များ ရေစက်ချမည်။
၎။ (၁၀း၃၀) တွင် ဆရာတော်ကြီးများကို ဆွမ်းကပ်မည်။
၅။ (၁၂း၀၀) နာရီမှ ညနေအထိ နည်းပညာပိုင်းဆိုင်ရာများ ဟောပြောမည်။
၆။ ညနေမှ ညအထိ စာရေးဆရာများ စာပေဘာသာရပ်ဆိုင်ရာ ဟောပြောမည်။

လှူဒါန်းလိုသူများအနေနဲ့ ၀၉-၂၁၁၀၂၀၂ ကိုဆက်သွယ်နိုင်ပါတယ်။
ဘုန်းဘုန်းရဲ့ ခွင့်ပြုချက်ဖြင့် အထက်ပါ သတင်းအချက်အလက်များကို ဂျေဂျူဝိုင် ဘလော့မှ ပြန်လည်ကူးယူ ဖော်ပြပေးပါကြောင်း..။


အဇ္ဖျတ္တညနေ


ညနေ...
တိတ်တဆိတ် မှုန်ပြသွား...
အပြာရင့်ရင့်တွေက လွှမ်းခြုံလို့...
ဘာသာဗေဒတွေ မရှိဘူး..
သင်္ကေတတွေ ငြိမ့်ငြိမ့်လေး နမိတ်ပြသွား...
ခပ်ဖွဖွလေးပဲ
နိမ့်ချည် မြင့်ချည်နဲ့ တေးသွားတွေ လေပြေနဲ့ အတူ
ဖြည်းညှင်းညှင်းလေးသွဲ့လျှက်
အလင်းတွေ သံစဉ်တွေဖြစ်
ကိုယ့်ကိုကိုယ် မြစ်တစ်ခု ထင်ရင်း ကွေ့ကွေ့ကလေး စီးမျော
လမ်းကလေးတွေက တသောသော လိုက်လေရဲ့
သစ်ရွက်ဖားတွေ အချင်းချင်း ထိခတ်
မြက်ပင်ရှည်တွေ ယိမ်းထိုးယိုင်ပြီး စည်းချက်ကျနသွားကြ

ညနေ...
တဝက်တပျက် ကြယ်တွေ ထွန်းတောက် ကြရဲ့
သာသာ ယာယာလေး ပျံသန်း...
ဖျိုးဖျိုးဖျဖျလေး မြင်နေရရင်တောင် ကျေနပ်တယ်

ညနေ...
ခေတ္တခဏ ပေါင်းများစွာကို မေ့လို့...
အချိန်မဲ့ရပ်ဝန်းဆီသို့ ပြန့်ကား သွားတယ်
အနန္တတွေက အနန္တပေါင်းများစွာ အထိ ပေါင်းစည်း
အကြားအလပ် မရှိ ထိဆက် သွား...

ညနေ...
မည်သည့်အရာဝတ္တုမှ မရှိတော့ဘူး
လေဟာနယ်တွေ ဖြစ်တည်သွား
ပြီးနောက်...မူလဌာနေ ဆီသို့

ညနေ...
တစိမ်းသက်သက် ပေမယ့် ကျွမ်းဝင်နေတယ်...
နွေးနွေးထွေးထွေး တောအုပ်ကလေးက
ပကတိ ကျက်သရေရှိလွန်းလှတယ်

ညနေ...
ဒိုင်းမင်းရှင်းတွေ ကျိုးပျက်သွား
စတုတ္ထတာသို့ သွားကြရအောင်

ညနေ...
................................။

ညနေ.....ဟာ ဂီတဖြစ်တယ်
ညနေ....ဟာ ဝိဉာဉ်ဏ ဖြစ်တယ်
ညနေ....ဟာ ဘူတ ဖြစ်တယ်
ညနေ....ဟာ ပရာဏ ဖြစ်တယ်
ညနေ....ဟာ သုညတ ဖြစ်တယ်

အဲ့ဒိနောက် ညနေဟာ ညနေ ဖြစ်နေတယ်။

အဆင့်မြင့်လာသော ခိုးကူးခွေများ

အခုတစ်လော ကူးခွေတွေ စျေးကွက်က ပိုပြီး အရောင်းသွက်လာတဲ့ အနေအထားမှာ ရှိနေပါတယ်။ မြဝတီ၊ မြန်မာ့ရုပ်မြင်က ကိုရီးယား စီးရီးတွေက တီဗွီမှာ မပြီးခင်ကို အပြင်ဈေးကွက်မှာ စာတန်းထိုး ထွက်နေတော့ လူတွေက တမျှော်မျှော် မစောင့်တော့ပဲ ဝယ်ကြည့်ကြတာ များပါတယ်။ အခုဆို ကိုရီးယား ဇာတ်လမ်းတွေ အပြင် အမေရိကန်စီးရီး တွေ ပါရလာတော့ အရောင်းအ၀ယ်သွက် နေပါတယ်။ နိုင်ငံခြား ကားတွေကို ဈေးသက်သက်သာသာ နဲ့ ကြည့်ရတာ ကောင်းပေမယ့် ပြည်တွင်း ဂီတ ဈေးကွက် အတွက်တော့ ကူးခွေ ထိုးနှက်မှုက အတော်လေး အထိနာတဲ့ သဘောဖြစ်နေပါတယ်။ အခုနောက်ပိုင်း သီချင်းစီဒီတွေဆို ထွက်တာမှ မကြာသေးဘူး ကူးခွေ လောကမှာ အရုပ်ပါတဲ့ ဗွီစီဒီတွေ အဖြစ်ရောင်းနေပြီ။

အရုပ်ပါတယ်ဆိုပေမယ့် အရင်အစထွက်တုန်းကတော့ ကိုရီးယား ဇာတ်လမ်းတွဲတွေ ဆီကနေ တွေ့ကရာ အရုပ်တွေ ဖြတ်ကပ်ညှပ်ပြီး တည်းဖြတ်ထားတဲ့ ခွေတွေပါ။ အဲ့ဒိနောက် တဖြည်းဖြည်းတော့ အရင်က ထွက်ခဲ့ဖူးတဲ့ မြန်မာ ဗွီစီဒီခွေတွေကနေ သီချင်းတစ်ပုဒ်စာ ဇာတ်လမ်း တစ်ခုလုံးပါ ဖြစ်လာပါတယ်။ မြန်မာ ဗွီစီဒီတွေ ဆိုတာကလည်း သီချင်းနဲ့ အရုပ်တွဲပြီး ပါတာက လွဲလို့ အလွမ်းသီချင်းဆိုရင် ကောင်မလေးနဲ့ ကောင်လေး ပထမ ပန်းခြံလိုနေရာမျိုးမှာ လျှောက်ပြေး၊ ပြီးရင် ကောင်လေး ဖြစ်ဖြစ် ကောင်မလေး ဖြစ်ဖြစ် အသဲတွေကွဲ အရင်က အကြောင်းတွေ နောက်ကြောင်းပြန်၊ အချစ်သီချင်းဆိုရင်လဲ ရီလိုက်မောလိုက်နဲ့ သမီးရည်းစားတွေ ဘာမှန်းမသိ လျှောက်ပြေးနေတဲ့ ဇာတ်လမ်းမျိုးတွေပဲဆိုတော့ အလွယ်တကူ ပြန်သုံးလို့ ရတာပေါ့။ အခုနောက်ဆုံး ဗွီစီဒီကူးခွေ တွေမှာတော့ ပိုပြီး အဆင့်မြင့် ပါတယ်။ အခုနောက်ဆုံး ထွက်တဲ့ ခွေတချို့ မှာတော့ အရုပ်တင် မဟုတ်တော့ပဲ MTV ပုံစံ အောက်က စာတန်းပါ ထိုးလာကြပါတယ်။ ဒီလိုသာဆို နောက်ပိုင်း ကာရာအိုကေလိုပါ စာတန်းထိုးလာဖွယ် ရှိပြီး စီဒီထွက်လာတာနဲ့တင် အတော် အလုပ်ဖြစ်မယ့် သဘောရှိပါတယ်။ ကဲ ဘယ့်နှယ်လုပ်ကြမလဲဗျာ။